သတင်းများ

အခြေခံလျှပ်စစ်ကျွမ်းကျင်မှုရွေ့လျားသင်တန်းအမှတ်စဉ်(၄/၂၀၁၉) အောင်မြင်စွာဖွင့်လှစ်ပြီးစီးခြင်း

Posted Date : ၂၆-၀၇-၂၀၁၉
Posted By : DISI
State/Region : နေပြည်တော်ရုံးချုပ်

http://www.disionline.gov.mm/common/fileuploads/7bdd7a452a588cc89ace42d2cc8416c9.jpg

စက်မှုဝန်ကြီးဌာနနှင့် ချင်းပြည်နယ်အစိုးရတို့ပူးပေါင်း၍ချင်းပြည်နယ်၊ဟားခါးမြို့၊ မြို့တော်ခန်းမ၌ အခြေခံ လျှပ်စစ်ကျွမ်းကျင်မှုရွေ့လျားသင်တန်းအမှတ်စဉ်(၄/၂၀၁၉)ကို (၁.၇.၂၀၁၉)ရက်နေ့မှ (၂၆.၇.၂၀၁၉) ရက်နေ့ ထိရက်သတ္တ(၄)ပတ်ခန့်ဖွင့်လှစ်ခဲ့ရာ သင်တန်းဆင်းပွဲအခမ်းအနားကိုချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပခဲ့ပြီး ချင်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးဝီကောက သင်တန်းဆင်း အမှာ စကားပြောကြားခဲ့ပါသည်။


သင်တန်းဆင်းပွဲ အခမ်းအနားသို့ ချင်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝီကော၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးရွှေထီးယို၊ ပြည်နယ်ဥပဒေချုပ် ဦးဆန်နီထန်ကျုံး၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးလာလ်သင်မန်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ချင်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ရပ်မိရပ်ဖများ၊ သင်တန်းဆရာ/ဆရာမများနှင့် သင်တန်းသား/ သင်တန်းသူ(၁၁၂) ဦး အပါအဝင် စုစုပေါင်း (၁၆၀) ဦး တက်ရောက်ခဲ့ကြပါသည်။

          သင်တန်းတွင် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် (၉)မြို့နယ်မှ သင်တန်းသား (၁၁၂)ဦးတို့ တက်ရောက်ခဲ့ပြီး စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ သင်တန်းနည်းပြ (၃)ဦးနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန(လျှပ်စစ်စစ်ဆေးရေး)မှ သင်တန်းနည်းပြ(၅)ဦးတို့မှ စာတွေ့/လက်တွေ့ သင်ကြားပို့ချခဲ့ပါသည်။ ပြင်ပသင်တန်းဆရာများ အနေဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်နယ်မီးသတ်တပ်ဖွဲ့နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ဟားခါး)မှ သင်တန်းနည်းပြတို့မှလည်း လျှပ်စစ်နှင့်ပတ်သက်သော အသိပညာများကို ဆွေးနွေးသင်ကြားပို့ချပေးခဲ့ပြီး ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှ ရှေးဦး သူနာပြုစုနည်းများအား လက်တွေ့သရုပ်ပြပို့ချခဲ့ပါသည်။

          သင်တန်းဆင်းပွဲ အခမ်းအနား၌ ချင်းပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝီကောက ပထမဆုရရှိသော မောင်စည်သူမင်းထက်(ကသ-၂၉)အားလည်းကောင်း၊ ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးယိုက ဒုတိယဆုရရှိသော မဘွဲထားချင်း(ကသ-၁၈)အားလည်းကောင်း၊ ပြည်နယ်ဥပဒေချုပ် ဦးဆန်နီထန်ကျုံးကသင်တန်းတွင် တတိယဆုရရှိသောမောင်ဟရမ်ပွမ်းထန်း(ကသ-၆၇)အား လည်းကောင်း၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးလာလ်သင်မန်းက အဖွဲ့လိုက်အကောင်းဆုံး ဆုရရှိသောအဖွဲ့(၈)တို့အား ဆုများ အသီးသီးချီးမြှင့်ခဲ့ကြပြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ လျှပ်စစ်စစ်ဆေးရေးမှ ညွှန်ကြားရေးမှူးဒေါက်တာ မျိုးထိုက်ကလည်း သင်တန်းသား ကိုယ်စားလှယ်(၁) ဦးအား သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့ပါသည်။

          အခြေခံလျှပ်စစ်ကျွမ်းကျင်မှုရွေ့လျား သင်တန်းသည် ကျေးလက်နေပြည်သူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုအဆင့်အတန်းမြင့်မားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာစေရေး၊ တည်ဆောက်ပြီးသော ဓာတ်အားလိုင်းများအား ထိန်းသိမ်းဆောင်ရွက်နိုင်ရေးနှင့် လျှပ်စစ်အသုံးပြုသော လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေး တို့ကိုမျှော်မှန်းပြီး ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ရာ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတို့တွင်လည်း ဆက်လက်၍ ထပ်မံဖွင့်လှစ်နိုင်ရေး အတွက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။



7bdd7a452a588cc89ace42d2cc8416c9.jpg
bde199d946de5108b606c3a960bf0952.jpg
f8f55894a51ee7238ff079c1db2e5bba.jpg
74eb3bfd7ec1ac919126ad8e04b609fc.jpg
d1755756db2a3b194d3c7546dd2f44c5.jpg
30159c2476956f50c69ab57e139d2be4.jpg
e554d4261a6a12da8c7cb05284547a1e.jpg