သတင်းများ

စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းဦးဆောင်၍ အတည်ပြုသတ်မှတ်ထားပြီးသော လျှပ်စစ်နှင့် အီလက်ထရောနစ်ထုတ်ကုန်ပစ္စည်းများ ဆိုင်ရာစံချိန်စံညွှန်းများနှင့် စပ်လျဉ်းပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် Stakeholder များနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခြင်း

Posted Date : ၂၃-၁၀-၂၀၁၉
Posted By : DISI
State/Region : နေပြည်တော်ရုံးချုပ်

http://www.disionline.gov.mm/common/fileuploads/ca641fb232140244701f4ca9464eba59.jpg

            အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး    ဒေါက်တာမင်းရဲပိုင်ဟိန်း၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်း၊ ပညာရေး ဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ လျှပ်စစ်နှင့်အီလက်ထရောနစ် ထုတ်ကုန်ပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်း ရေးဆွဲရေး ဆပ်ကော်မတီမှအဖွဲ့ဝင်များ၊ Plug & Socket ၊  Cable Wire ထုတ်လုပ်သည့်လုပ်ငန်းရှင်များ၊ လျှပ်စစ်ပစ္စည်းကိရိယာများ စစ်ဆေးခြင်းနှင့်စပ်လျဉ်းပြီး အတွေ့အကြုံရှိသည့် ပညာရှင်များ စုစုပေါင်း  (၄၅) ဦးခန့် တက်ရောက်ခဲ့ပါသည်။

             အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ ပြည်သူများအနေဖြင့် လျှပ်စစ်နှင့်အီလက်ထရောနစ် ထုတ်ကုန်ပစ္စည်းများနှင့် စပ်လျဉ်းပြီး အရည်အသွေးမီပစ္စည်းများ အသုံးပြုနိုင်ရေးကို ဦးတည်ပြီး Stakeholder များနှင့် တွေ့ဆုံဆွေးနွေးပွဲဖြစ်ပါကြောင်း၊ ပြဌာန်းထားသော နည်းဥပဒေများ၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း များ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် ချုပ်ဆိုထားသော စာချုပ်များအရ ဆောင်ရွက်ရမည့် ကိစ္စရပ် များကို အကောင်အထည်ဖော်နိုင်ရေးအတွက် Stakeholder များနှင့် တွေ့ဆုံဆွေးနွေးပွဲခြင်းဖြစ်ပါ ကြောင်း၊ သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များအားလုံး ပူးပေါင်းပါဝင်ပြီး လျင်လျင်မြန်မြန်  ပူးပေါင်းဆောင်ရွက်စေချင်ပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ စံချိန်စံညွှန်း သတ်မှတ်ပြဌာန်း ရာတွင် ဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း၊   စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ လျှပ်စစ်ပစ္စည်းကိရိယာများနှင့် စပ်လျဉ်းပြီး စစ်ဆေး ဆောင်ရွက်မှု အခြေအနေများနှင့် လျှပ်စစ်ပစ္စည်းများဆိုင်ရာ ခေတ်မီဓာတ်ခွဲခန်းများ တည်ထောင်နိုင်ရေးအတွက် ဆောင်ရွက်မှုအခြေအနေများ၊ ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများအားလည်းကောင်း၊ တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ဌာနအလိုက် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

             ထို့အပြင် တက်ရောက်လာသည့် လျှပ်စစ်ဆိုင်ရာပစ္စည်းများ ထုတ်လုပ်သည့်  လုပ်ငန်းရှင် များဘက်မှလည်း စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်မည့် လုပ်ငန်းများကို ကြိုဆိုပါကြောင်း၊ ထုတ်လုပ်သူများဘက်မှလည်း သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဈေးကွက်တွင် အရည်အသွေး အားနည်းသည့်ပစ္စည်းများ ရှိနေသည့်အတွက် ကြပ်မတ်ဆောင်ရွက်ပေးစေလိုကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။

             စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းမှ အများပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ အရည်အသွေးမီလျှပ်စစ်နှင့် အီလက်ထရောနစ်ထုတ်ကုန်ပစ္စည်း များ အသုံးပြုနိုင်ရေးအတွက် စနစ်တကျနှင့် သက်ဆိုင်ရာကဏ္ဍများ ပါဝင်သော Work Plan များကို ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း သက်ဆိုင်သည့် Stakeholder များအားလုံး အားကြိုးမာန်တက် အတူပူးပေါင်းဆောင်ရွက်စေချင်ပါကြောင်း၊ လိုအပ် သည့် ကိစ္စရပ်များကို ညှိနှိုင်း၍ ဆောင်ရွက်မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးကို (၁၆း၃၀)နာရီခန့်တွင် ရုပ်သိမ်းခဲ့ပါသည်။

             ထို့နောက် ဒုတိယဝန်ကြီးသည် လျှပ်စစ်စစ်ဆေးရေးဌာန၏ လျှပ်စစ်ဆိုင်ရာ ပစ္စည်း ကိရိယာများစစ်ဆေးသည့် ဓာတ်ခွဲခန်းကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြား လမ်းညွှန်ခဲ့ပါသည်။




ca641fb232140244701f4ca9464eba59.jpg
12c3086cd7ce807e35cff5b2ed2ba9aa.jpg
afe9b19c108773f03e214b399a375c83.jpg
b19703f32cac9a8e5f4c5efd8e1a5455.jpg
24b7b443ecdfa7e2ff844b3d0cef25a2.jpg
79ed789c17f61961c9535e5ea3fd5c97.jpg