သတင်းများ

(၂၇) ကြိမ်မြောက် လျှပ်စစ်နှင့် အီလက်ထရောနစ်ထုတ်ကုန်ပစ္စည်းဆိုင်ရာပူးတွဲဆပ်ကော်မတီ (JSCEEE) အစည်းအဝေးနှင့် ဆက်စပ်အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်းသတင်းစဉ်

Posted Date : ၂၃-၀၄-၂၀၁၉
Posted By : DISI
State/Region : နေပြည်တော်ရုံးချုပ်

http://www.disionline.gov.mm/common/fileuploads/fafb9ba4c9bc33cf91c057efb12bee3e.jpg

         စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့ပူးပေါင်း၍ အာဆီယံနိုင်ငံများ၏ အရည်အသွေးနှင့် စံချိန်စံညွှန်းအတိုင်ပင်ခံကော်မတီ (ASEAN Consultative Committee for Standards and Quality –ACCSQ)ကြီးကြပ်မှုအောက်ရှိ လျှပ်စစ်နှင့် အီလက်ထရောနစ်ဆိုင်ရာ ထုတ်ကုန်ပစ္စည်း ပူးတွဲဆပ်ကော်မတီ (JSCEEE) ၏ (၂၇)ကြိမ်မြောက် အစည်းအဝေးနှင့် ဆက်စပ်အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၂) ရက်နေ့မှ (၂၅) ရက်နေ့အထိ နေပြည်တော်ရှိသင်္ဂဟဟိုတယ်တွင် ကျင်းပလျက်ရှိပါသည်။


              (၂၇)ကြိမ်မြောက် JSCEEE အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ဧပြီလ (၂၃)ရက်နေ့၊ (ဝ၀းဝ၉)နာရီတွင် ကျင်းပခဲ့ရာ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးနိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ၊ ဂျပန်နိုင်ငံ JBMIA မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံမှ လျှပ်စစ်နှင့် အီလက်ထရောနစ် ထုတ်ကုန်ပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်းသတ်မှတ်ခြင်းနှင့် ဆက်စပ်ဆောင်ရွက်နေသည့် ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ စုစုပေါင်း (၆၅)ဦးခန့် တက်ရောက်ခဲ့ပါသည်။

            အဆိုပါ JSCEEE အစည်းအဝေးများကို တစ်နှစ်လျှင် (၂)ကြိမ်ကျင်းပလေ့ရှိပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၌ အလှည့်ကျလက်ခံကျင်းပရပါသည်။ မြန်မာနိုင်ငံတွင် (၁၇)ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၄ ခုနှစ်တွင် ပထမအကြိမ်မြောက် လက်ခံကျင်းပခဲ့ပြီး ယခု(၂၇)ကြိမ်မြောက် အစည်းအဝေးကို ဒုတိယအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်ပါသည်။

             JSCEEE အစည်းအဝေးများကို အာဆီယံဒေသတွင်း လွတ်လပ်သောကုန်သွယ်မှုနယ်ပယ်ဖြစ်ပေါ်စေရေး၊ ကုန်သွယ်မှုအတားအဆီးဆိုင်ရာ လျှော့ချရေးတို့အတွက် အာဆီယံဒေသတွင်း လျှပ်စစ်နှင့် အီလက်ထရောနစ် ထုတ်ကုန်ပစ္စည်းများဆိုင်ရာ အပြန်အလှန်သဘောတူညီချက် (EEE MRA) အရ လျှပ်စစ်နှင့် အီလက်ထရောနစ်ထုတ်ကုန်ပစ္စည်းများဆိုင်ရာ ထိန်းသိမ်းကွပ်ကဲမှုစနစ်(AHEEERR)ကို အကောင်အထည်ဖော်ရာတွင် လက်ရှိဆောင်ရွက်မှုများ၊ ဆက်လက်အကောင်အထည်ဖော်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် အီလက်ထရောနစ် ထုတ်ကုန်ပစ္စည်းပူးတွဲဆပ်ကော်မတီကို တာဝန်ယူဆောင်ရွက်နေသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်း ဆွေးနွေးညှိနှိုင်းနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။

                 (၂၂.၄.၂၀၁၉)ရက်နေ့တွင် လျှပ်စစ်နှင့် အီလက်ထရောနစ် ထုတ်ကုန်ပစ္စည်းများဆိုင်ရာ ထိန်းသိမ်းကွပ်ကဲမှုစနစ် (AHEEERR)အကောင်အထည်ဖော်ရေးအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် Quality System Template အသုံးပြု၍ စက်ရုံများစစ်ဆေးခြင်းအဆင့်ဆင့်တွင် လျှပ်စစ်နှင့်အီလက်ထရောနစ် ထုတ်ကုန်များတင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ တင်ပို့ခြင်းတို့တွင်  လိုအပ်သောစမ်းသပ်စစ်ဆေးခြင်းများအတွက် အထောက်အထားအတည်ပြုမှုဆိုင်ရာလက်မှတ်များ၊ လက်မှတ်ထုတ်ပေးရန်အတွက်  လိုအပ်သောစာရွက်စာတမ်း လိုအပ်ချက်များပြည့်စုံစေရန်  အသေးစိတ်ဆွေးနွေးခဲ့ကြပါသည်။

                 အစည်းအဝေးကို (၂၃.၄.၂၀၁၉)ရက်နေ့မှ (၂၅.၄.၂၀၁၉)ရက်နေ့အထိကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး (၂၆)ကြိမ်မြောက် အစည်းအဝေးဆွေးနွေးခဲ့မှုများအပေါ် အကောင်အထည်ဖော်မှုများ၊ နည်းပညာဆိုင်ရာ မူဝါဒများနှင့်ပတ်သက်၍ အတွေ့အကြုံဖလှယ်ခြင်းများ၊ ASEAN EE MRA အား အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ AHEEER သဘောတူညီမှုအပေါ် အကောင်အထည်ဖော်ပြီးစီးမှုများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ပူးပေါင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ JSCEEE အား တာဝန်ယူဆောင်ရွက်မည့် Focal Points များအား ပြန်လည်အတည်ပြုခြင်း၊ ၂၀၁၆-၂၀၂၅ ခုနှစ်အတွက် JSCEEE လုပ်ငန်းစီမံချက်တို့နှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ပါသည်။



fafb9ba4c9bc33cf91c057efb12bee3e.jpg
cf4afa67bb808334cfe5c74a8a6bdbae.jpg
611754d0e387957cc03d6419a0e7e277.jpg
f87e18cceb11cb0bb8d2551cf8a29710.jpg
2e78f93caa1ba9dd719536d93d319286.jpg
ad814597247ad6094027c900da9a8293.jpg