စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်ကျွမ်းကျင်မှုအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၀) သင်တန်းဆင်းပွဲ အခမ်းအနားကို (၂၁.၂.၂၀၂၀)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ လျှပ်စစ်စစ်ဆေးရေးဓာတ်ခွဲခန်းနှင့် လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်း အမှာစကား ပြောကြားပါသည်။
အစီအစဉ်အရ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က သင်တန်းတွင် ပထမဆုရရှိသော မောင်သန့်ဇင်ထက် အားလည်းကောင်း၊ ကျွမ်းကျင်ပညာရှင် ဦးသန်းအေး ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း)က ဒုတိယဆုရရှိသော မောင်ဇင်မင်းစည်သူ အားလည်းကောင်း၊ ကျွမ်းကျင်ပညာရှင် ဦးခင်မောင်ဆွေ ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း)က တတိယဆုရရှိသော မောင်အောင်သန်းမိုး အားလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး လျှပ်စစ်စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူးက သင်တန်းဆင်း အောင်လက်မှတ်များကို သင်တန်းသားကိုယ်စားလှယ် (၁)ဦးအား ပေးအပ်ပါသည်။
သင်တန်းကာလအတွင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ လျှပ်စစ်စစ်ဆေးရေးမှ အတွေ့အကြုံရှိသော ဝန်ထမ်းများ၊ လျှပ်စစ်စစ်ဆေးရေးမှ အငြိမ်းစားဆရာကြီးများ၊ ပြင်ပမှ ကျွမ်းကျင်ပညာရှင်များ၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာန(လျှပ်စစ်)၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့၏ ကိုယ်စားလှယ်များမှ လျှပ်စစ်ပိုင်းဆိုင်ရာအသိပညာများ သင်ကြားပို့ချခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှလည်း ဓာတ်လိုက်မှု ဖြစ်ပွားပါက ရှေးဦးသူနာပြုစုနည်းများကို သင်ကြားပို့ချပေးခဲ့ပါသည်။ သင်တန်းသား/ သင်တန်းသူများအား လျှပ်စစ်ပိုင်းဆိုင်ရာ လုပ်ငန်းများ လက်တွေ့လေ့လာသိရှိနိုင်ရန်အတွက် MYD International Co., Ltd. ၏ Panel အမျိုးမျိုးထုတ်လုပ်သော စက်ရုံသို့ သွားရောက်လေ့လာစေခဲ့ပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ လျှပ်စစ်စစ်ဆေးရေးမှ ညွှန်ကြားရေးမှူး၊ လျှပ်စစ်စစ်ဆေးရေးဌာနမှ အငြိမ်းစားဆရာကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းနည်းပြဆရာ/ ဆရာမများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူ (၁၀၀)ဦး အပါအဝင် စုစုပေါင်းအင်အား (၁၂၀)ဦး တက်ရောက်ပါသည်။
သင်တန်းသား/သင်တန်းသူများအား လျှပ်စစ်ဆိုင်ရာနည်းပညာများ၊ ဗဟုသုတများ သိရှိလာ စေရန်၊ လျှပ်စစ်လုပ်ငန်းများအား အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်လာနိုင်စေရန်နှင့် လျှပ်စစ်တတ်ကျွမ်း နားလည်သော လျှပ်စစ်ကျွမ်းကျင်သူများ မွေးထုတ်ပေးခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ် ရှင်သန်ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်းကို တစ်နှစ်လျှင် (၂)ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ ယခုသင်တန်းအပါအဝင် (၄၄)ကြိမ် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သင်တန်းသူ (၃၆၉၈)ဦး မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။ အဆိုပါသင်တန်းအား (၁၃.၁.၂၀၂၀)ရက်နေ့မှ (၂၁.၂.၂၀၂၀)ရက်နေ့အထိ ရက်သတ္တပတ်(၆)ပတ်ကြာ စာတွေ့လက်တွေ့များ လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။