သတင်းများ

အခြေခံလျှပ်စစ်ကျွမ်းကျင်မှုရွေ့လျားသင်တန်း အမှတ်စဉ်(၄/၂၀၁၈)ဖွင့်လှစ်ခြင်း

Posted Date : ၁၆-၁၀-၂၀၁၈
Posted By : DISI
State/Region : နေပြည်တော်ရုံးချုပ်

https://www.disionline.gov.mm/common/fileuploads/bd7a7dc54b5af70c370bae235eae3e9e.jpg

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ကြီးမှူး၍ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နည်းပညာတက္ကသိုလ်တွင် အခြေခံလျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျားသင်တန်း အမှတ်စဉ် (၄/၂၀၁၈)ကို (၁၅.၁၀.၂၀၁၈)ရက်နေ့မှ (၁၄.၁၁.၂၀၁၈)ရက်နေ့အထိ ရက်သတ္တ(၄)ပတ်ခန့် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။


            အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၁၄.၁၀.၂၀၁၈)ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ အစိုးရနည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် ကယားပြည်နယ်၊ လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူတို့မှ သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ကြပါသည်။

            သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ၊ ပြည်နယ်ဝန်ကြီးများ၊ စက်မှုဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးခိုင်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဖြိုးမြင့်ဆွေ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊  တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းနည်းပြဆရာ/မများ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ကယားပြည်နယ်အတွင်းရှိ ခရိုင်(၂)ခရိုင်မှ သင်တန်းသား/သူ (၁၃၅)ဦး အပါအဝင် စုစုပေါင်း (၁၇၅) ဦး တက်ရောက်ခဲ့ကြပါသည်။

           စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများသည် စက်မှုဝန်ကြီးဌာနမှ ဒီဇိုင်းတီထွင်ထုတ်လုပ်ထားသော Mobile Vocational Training Truck ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သင်တန်းသား/သူများမှ Mobile Vocational Training Truck ပေါ်၌ လျှပ်စစ်ပတ်လမ်းဖြင့် အခြေခံလျှပ်စစ်မီးသွယ်တန်း တပ်ဆင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုခဲ့ပါသည်။

           အခြေခံလျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျားသင်တန်းသည် ကျေးလက်နေ ပြည်သူများအား လျှပ်စစ်ဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေရေး၊ လျှပ်စစ်ဆိုင်ရာ အသိပညာ ဗဟုသုတ များရရှိစေရေး၊ လျှပ်စစ်အသုံးပြုသော လုပ်ငန်းများဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးနှင့် မျိုးဆက်သစ်လျှပ်စစ်ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်ရေးတို့အတွက် ရည်ရွယ်ပြီး တိုင်းဒေသကြီး/ပြည်နယ်များ၏ မြို့များသို့ အရောက်သွားကာ ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ပါသည်။



bd7a7dc54b5af70c370bae235eae3e9e.jpg
582078f3ece4c8b3ca6777376bcf9237.jpg
f41a84c7e0f6dab8a6f349937ea46365.jpg
a9629c07b2ebf8f3651464dd22120d94.jpg