လျှပ်စစ်နှင့်အီလက်ထရောနစ်ဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာ ဆပ်ကော်မတီသည် မြန်မာနိုင်ငံ အတွင်း အရည်အသွေးပြည့်မီသည့် လျှပ်စစ်နှင့်အီလက်ထရောနစ်ထုတ်ကုန်ပစ္စည်း များ ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူးနိုင်ရန် ရည်ရွယ်၍ လျှပ်စစ်နှင့် အီလက်ထရောနစ်ဆိုင်ရာ စံချိန်စံညွှန်းများ ပြဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် စံချိန်စံညွှန်းများ ထပ်မံပြဌာန်းသွားနိုင်ရန်နှင့် ဆပ်ကော်မတီမှ ဆက်လက် ဆောင်ရွက်သွားရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရန်ကုန်မြို့၊ ကျိုက်ဝိုင်းဘုရား လမ်းရှိ MSME Centre တွင် (၂.၁၁.၂၀၁၉) ရက်နေ့၊ နံနက် (၉:၀၀) တွင် ကျင်းပခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် နည်းပညာ ဆပ်ကော်မတီ အတွင်းရေးမှူး၊ လျှပ်စစ်စစ်ဆေးရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကိုမှ အာဆီယံဒေသတွင်း တစ်ပြေးညီသတ်မှတ်ထားသည့် Harmonized Standards (၁၁၉) ခု အနက် ပြဌာန်းရန်ကျန်ရှိနေသည့် စံချိန်စံညွှန်း (၆၉) ခုအား မိမိတို့နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသည့် ဦးစားပေး ရေးဆွဲရန် လိုအပ်သော စံချိန်စံညွှန်းများအား ဖော်ထုတ်ပြုစုရန်၊ ဆပ်ကော်မတီ၏ (၆) လတစ်ကြိမ် ဆောင်ရွက်ရမည့် Work Plan နှင့် ပြဌာန်းပြီးသည့် လျှပ်စစ်နှင့်အီလက်ထရောနစ်ထုတ်ကုန်ပစ္စည်းများ ဆိုင်ရာ မြန်မာစံချိန်စံညွှန်းများအနက် မဖြစ်မနေသတ်မှတ်ရမည့် စံချိန်စံညွှန်းတို့နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက် လာသည့် ဆပ်ကော်မတီအဖွဲ့ဝင်များမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ လျှပ်စစ်နှင့်အီလက်ထရောနစ်ဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာ ဆပ်ကော်မတီ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် စုစုပေါင်း (၁၅) ဦးခန့် တက်ရောက်ခဲ့ပါသည်။