လျှပ်စစ်ဓာတ်လိုက်ခြင်း
- ထိတွေ့ဗို့အားကြောင့် ဓာတ်လိုက်မှုဖြစ်ပွားရခြင်း ဖြစ်ပါသည်။
- အန္တရာယ်မပြုနိုင်သည့် ထိတွေ့ဗို့အားမှာ မြန်မာနိုင်ငံတွင် ၄၀ ဗို့၊ အင်္ဂလန်နိုင်ငံတွင် ၄၀ ဗို့ ဥရောပတိုက်တွင် ၆၅ ဗို့ သတ်မှတ်ထားပါသည်။
- သတ္တုပစ္စည်းတစ်ခုခုတွင် လျှပ်စစ်ဗို့အား ၄၀ ဗို့ရှိနေသော် ယင်းပစ္စည်းကို ကိုင်တွယ်သူသည် လျှပ်စစ်စီးခြင်းခံရပြီး ထိုသို့လျှပ်စစ်စီးခြင်းကို ဓာတ်လိုက်ခံရသည်ဟုဆိုနိုင်ပါသည်။
- လျှပ်စစ်စီးခြင်း၏ အနည်းအများ၊ ပြင်းထန်မှုတွင် မူတည်၍ လူ၏ခန္ဓာကိုယ်တွင် ထိခိုက် နာကျင်မှု၊ ဒဏ်ရာရမှုတို့ကို ခံစားရပါသည်။
- လူ့၏ခန္ဓာကိုယ်သည် ရေစိုနေချိန်တွင် လျှပ်တားခုခံနိုင်စွမ်းသည် ခြောက်သွေ့သော အချိန်တွင် ရှိနိုင်သည့် လျှပ်တားခုခံနိုင်စွမ်းထက် အဆ(၁၀၀၀)ခန့် လျော့ကျသွားနိုင်သဖြင့် ရေစို နေချိန်တွင် ဓာတ်အားဆက်သွယ်ထားသော လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုခြင်း များ မပြုလုပ်သင့်ပါ။
လျှပ်စစ်စီးမှုကြောင့် ခန္ဓာကိုယ်တွင် ဖြစ်ပေါ်နိုင်မှုအခြေအနေ
စဉ် |
လျှပ်စစ်စီးမှု |
ကိုယ်ခန္ဓာတွင် ဖြစ်ပေါ်စေသည့် အကြောင်းအရင်း |
(က) |
၁ မီလီအမ်ပီယာ |
ခန္ဓာကိုယ်တွင် လျှပ်စစ်စီးကြောင်းပင် မသိရှိနိုင်ပါ။ |
(ခ) |
၁-၈ မီလီအမ်မီယာ |
ခန္ဓာကိုယ်တွင် လျှပ်စစ်စီးကြောင်း သိရှိမည်ဖြစ် သော်လည်း နာကျင်မှုမရှိ။ |
(ဂ) |
၈-၁၅ မီလီအမ်ပီယာ |
ခန္ဓာကိုယ်အစိတ်အပိုင်းတွင် နာကျင်ခြင်း၊ ထုံကျင် ခြင်းခံစားရမည်။ |
(ဃ) |
၂၀-၁၅ မီလီအမ်ပီယာ |
အသက်ရှူရှိုက်မှုကို ထိခိုက်စေနိုင်ပါသည်။ |
(င) |
၁၀၀-၂၀၀ မီလီအမ်ပီယာ |
လူ့ခန္ဓာကိုယ် ချုပ်ငြိမ်းစေနိုင်ပါသည်။ |
ဓာတ်လိုက်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများ
၁။ ဗို့အားမြှင့်နှင့် အလတ်စား၊ အနိမ့်စားဗို့အားရှိ ကောင်းကင်ဓာတ်အားလိုင်းများမှ ဓာတ် လိုက်မှုဖြစ်ပွားခြင်း
၂။ အိမ်သွယ်ဆားဗစ်ကြိုးမှ ဓာတ်လိုက်မှုဖြစ်ပွားခြင်း
၃။ နေအိမ်သုံးလျှပ်စစ်ပစ္စည်းများမှ ဓာတ်လိုက်မှုဖြစ်ပွားခြင်း
၄။ စက်ရုံ၊ အလုပ်ရုံတွင် ဓာတ်လိုက်မှုဖြစ်ပွားခြင်း
လက်ရှိအသုံးပြုနေသော ဓာတ်အားစနစ်
၁။ အနိမ့်စားဗို့အား - ၂၃၀ ဗို့ (တစ်သွင်)၊ ၄၀၀ ဗို့ (သုံးသွင်)
၂။ အလတ်စားဗို့အား - ၃.၃ ကေဗွီ၊ ၆.၆ ကေဗွီ၊ ၁၁ ကေဗွီ၊ ၃၃ ကေဗွီ
၃။ ဗို့အားမြင့် - ၆၆ ကေဗွီ၊ ၁၃၂ ကေဗွီ၊ ၂၃၀ ကေဗွီ
၄။ အမြင့်စားဗို့အား - ၅၀၀ ကေဗွီနှင့် အထက်
ဗို့အားမြှင့်နှင့် အလတ်စား၊ အနိမ့်စားဗို့အားရှိ ကောင်းကင်ဓာတ်အားလိုင်းများမှဓာတ်လိုက်မှု ဖြစ်ပွားခြင်း
- ကောင်းကင်ဓာတ်အားလိုင်းအောက်မှ ဝါးလုံးအစိုအရှည်များ၊ သံ၊ သတ္ထုချောင်းများကို ထောင်၍ သယ်ဆောင်ခြင်း၊ လိုင်းကြိုးအနီး သစ်ပင်၊ သစ်ကိုင်းခုတ်ခြင်း၊ သစ်သီးခူးခြင်း၊ ပန်းခူးခြင်းတို့မှ လိုင်းကြိုး နှင့် နီးကပ်သွားခြင်း
- ကောင်းကင်ဓာတ်အားလိုင်းအနီး အထပ်မြင့်အဆောက်အအုံများပေါ်မှ သံ၊ အလူမီနီယံ ချောင်းများကို အထက်/အောက်ဆွဲတင်ရာမှလည်းကောင်း၊ TV အင်တာနာတိုင်ထောင်ရာမှ လည်းကောင်း၊ ဓာတ်အားလိုင်းနှင့်နီးကပ်သွားခြင်း၊ ထိသွားခြင်း
- ကောင်းကင်ဓာတ်တိုင်များ ချို့ယွင်း၍ လဲကျခြင်း၊ ကန့်လန့်တန်းများပျက်စီးခြင်းကြောင့် ဓာတ်အားလိုင်းကြိုး မြေပြင်သို့ပြတ်ကျ/လျော့ကျနေစဉ် ထိမိခြင်း/နီးကပ်ခြင်း
- ကောင်းကင်ဓာတ်အားလိုင်းအောက်၌ ကုန်တင်ကားများရပ်၍ ပစ္စည်းအတင်/အချ ပြုလုပ်ခြင်း၊ ဓာတ်အားလိုင်းအနီး ကရိန်းကားများဖြင့် လုပ်ငန်းဆောင်ရွက်ခြင်း
- ကောင်းကင်ဓာတ်အားလိုင်းကြိုးများကို တိုင်ပေါ်တက်၍ ပြုပြင်ရာတွင် ဌာနဆိုင်ရာ ဝန်ထမ်း အချင်းချင်း အချိတ်အဆက်မမိဘဲ မှားယွင်းလုပ်ကိုင်ခြင်း၊ ဓာတ်အားမပိတ်ဘဲ ဆောင်ရွက်ခြင်း
- လိုင်းကြွေသီး (Insulation) ကျ၍ သို့မဟုတ် ကွဲအက်၍ ဓာတ်တိုင်သို့ ဓာတ်အားယိုစီး နေစဉ် ကိုင်မိခြင်း
- အလတ်စားဗို့အားနှင့် ဗို့အားနိမ့်လိုင်းကြိုးများကို ဆက်၍ သုံးရာမှ အဆက်မှ ပြတ်ကျစဉ် ထိတွေကိုင်တွယ်မိခြင်း
- ဗို့အားနိမ့်လိုင်းကြိုးများ အိကျလွန်း၍ လေတိုက်ရာမှ အချင်းရိုက်ခတ်၍ ပြတ်ကျရာမှ ထိတွေ့ကိုင်တွယ်မိခြင်း
- တယ်လီဖုန်းလိုင်းကြိုးများ ပြုပြင်ရာတွင် အနီးရှိ ဓာတ်အားလိုင်းများနှင့် ထိမိခြင်း
- ဓာတ်အားလိုင်းများအနီးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် သံချည်သံကွေး လုပ်ငန်းများ ဆောင်ရွက်ရာမှ ဓာတ်အားလိုင်းများနှင့် ထိမိခြင်း
- ဓာတ်အားလိုင်းကြိုးများသည် မူလက မြေပြင်အထက် သတ်မှတ်အကွာအဝေး ရှိသော်လည်း လမ်းမြေဖို့ခြင်း၊ ခြံဝင်းမြေဖို့ခြင်းများ ပြုလုပ်ရာမှ လိုင်းကြိုး နှင့် နီးကပ်သွားခြင်း
- ကိုယ်ပိုင်လျှပ်ထုတ်စက်များဖြင့် တရားမဝင်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးခြင်း
ဗို့အားမြင့်သော ဓာတ်အားလိုင်းများသည် ယင်းတို့ကို ထိတွေ့ခြင်းမရှိဘဲ လျှပ်စစ် စက်ကွင်းအတွင်း ရောက်ရှိသည်နှင့် လျှပ်ပန်းခုန်ကူးကာ လူနှင့် တိရိစ္ဆာန်များအား ဓာတ်လိုက် ဒဏ်ရာ ရရှိခြင်း/သေဆုံးခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါသည်။
ဗို့အားမြင့်ဓာတ်အားလိုင်းများ၏ အန္တရာယ်ကင်းအကွာအဝေးများ
ဓာတ်ကြိုးရှိဗို့အား အန္တရာယ်ကင်းအကွာအဝေး(ပေ)
၂၃၀၀၀၀ ၉
၁၃၂၀၀၀ ၆
၆၆၀၀၀ ၄
၃၃၀၀၀ ၃
၁၁၀၀၀ ၁
အဆောက်အဦများနှင့် အန္တရာယ်ကင်းအကွာအဝေး
ဓာတ်ကြိုးရှိဗို့အား ဘေးတိုက်အကွာအဝေး(ရေပြင်ညီ) ထောင်လိုက်အကွာအဝေး
၃၃၀၀၀ ၁၀ ၁၂
၁၁၀၀၀ ၈ ၈
၄၀၀ ၄ ၈
၂၃၀ ၄ ၈
ဗို့အားမြင့်၊ အလတ်စားနှင့် အနိမ့်စားဗို့အားရှိ ကောင်းကင်ဓာတ်အားလိုင်းများတွင် အန္တရာယ်ကင်းဝေးစေရန် ကာကွယ်ရမည့်နည်းလမ်းများ
ဓာတ်အားပို့လွှတ်ဖြန့်ဖြူးသူများဆောင်ရွက်ရန်
- ကောင်းကင်မြေစိုက်ကြိုးကို တစ်မိုင်လျှင် (၄)နေရာမြေဓာတ်ဆက်သွယ်ရန်၊
- တိုင်ဆိုင်းကြိုးတွင် ကြွေသီးတပ်ဆင်ရန်၊
- ဓာတ်အားလိုင်းတိုင်များတွင် ကြွေသီးများ ကောင်းမွန်မှုရှိ/မရှိ အခါအားလျော်စွာ စစ်ဆေး ပြုပြင်ရန်၊
- ဓာတ်တိုင်များ၊ ဓာတ်အားလိုင်းကြိုးများ ကြံ့ခိုင်ရေးကို ပုံမှန်ပြုပြင်ဆောင်ရွက်ရန်၊ သစ်သားကန့်လန့် တန်းများကို ခိုင်ခံ့မှု ရှိ/မရှိ အခါအားလျော်စွာ စစ်ဆေး၍ပြုပြင်ရန်၊
- ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းရန် ၊
- ဗို့အားမြင့်ကောင်းကင် ဓာတ်အားလိုင်းများပေါ်တွင် လုပ်ငန်းဆောင်ရွက်ရာ၌ ဓာတ်အား ကျရောက် လာနိုင်စေသည့် နေရာများမှ ဓာတ်ကြိုးများကို ဓာတ်အားဖြတ်တောက်၍ မြေဓာတ်ချပြီးမှ လုပ်ငန်းဆောင်ရွက်ရန်၊ ဓာတ်အားပိတ်ပြီးကြောင်း သေချာမှသာ လုပ်ငန်းဆောင်ရွက်ရန် ၊
- ဓာတ်အားလိုင်းကြိုးများ လျော့အိလွန်းပါက ပြန်လည်တင်းပေးရန် ၊
- ဓာတ်အားလိုင်းကြိုးပြတ်ကျခဲ့သော် အလိုအလျှောက် ဓာတ်အားဖြတ်တောက်ပေးနိုင်မည့် အကာအကွယ်ပြုကိရိယာများ တပ်ဆင်အသုံးပြုရန် ၊
- လူစည်ကားရာအရပ်၊ ရထားလမ်း၊ ကားလမ်း၊ ဈေးများတွင် ဓာတ်အားလိုင်းများ အောက် မှ လိုင်းပုခက်များအား တပ်ဆင်ရန် လိုအပ်ပြီး အဆိုပါ လိုင်းပုခက်များ၌ မြေစိုက်ကြိုး များ တပ်ဆင်ရန် ၊
- အန္တရာယ်ရှိသော နေရာများ၌ Danger, Volt သတိပေးဆိုင်းဘုတ်များ တပ်ထားရန် ၊
- ကိုယ်ပိုင်လျှပ်ထုတ်စက်ဖြင့် ဓာတ်အားဖြန့်ဖြူးရာတွင် လျှပ်ထုတ်စက်နှင့် ထိန်းချုပ်ကိရိယာ များ၊ ဓာတ်အားဖြန့်ဖြူးလိုင်းများကို လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် စစ်ဆေးမှုခံ ယူပြီးမှလုပ်ငန်းဆောင်ရွက်ရန်၊
ပြည်သူများ သတိပြုရန်
- ကောင်းကင်ဓာတ်အားလိုင်းအနီးတွင် သံချောင်း၊ ပိုက်လုံး၊ ဝါးလုံးများ အသုံးပြု၍ လုပ်ငန်း ဆောင်ရွက်ပါက ဓာတ်အားလိုင်းနှင့် နီးကပ်ခြင်း၊ ထိမိခြင်း မရှိစေရေး အထူး သတိပြုဆောင်ရွက်ရန်၊
- ကောင်းကင်ဓာတ်အားလိုင်းအနီးတွင် သစ်ပင်၊ သစ်ကိုင်းခုတ်ထွင်ခြင်း၊ ဆိုင်းဘုတ်များ တည်ဆောက်၊ လဲလှယ်၊ ပြုပြင်၊ တပ်ဆင်ခြင်း၊ တယ်လီဖုန်းလိုင်း ပြုပြင်ခြင်းများ ဆောင် ရွက် ရာတွင် သက်ဆိုင်ရာသို့ အကြောင်းကြားဆောင်ရွက်ရန်၊
- ကောင်းကင်ဓာတ်အားလိုင်းများအောက်နှင့် အနီးတွင် ကုန်တင်ကားများ၊ ကရိန်းကား များရပ်၍ ကုန်အတင်/အချ ပြုလုပ်ခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းများ ရှောင်ကြဉ်ရန်၊
- ကောင်းကင်ဓာတ်အားလိုင်းများ အနီးတွင် အထပ်မြင့်အဆောက်အဦများ တည်ဆောက် ခြင်း၊ ပြုပြင်ခြင်း၊ တိုးချဲ့ခြင်းများဆောင်ရွက်ပါက သက်ဆိုင်ရာသို့ ညှိနှိုင်းအကြောင်း ကြားဆောင်ရွက်ရန်၊
- မိုးလေများ တိုက်ခတ်နေချိန်/တိုက်ခတ်ပြီးနောက်၊ ဓာတ်တိုင်များ လဲကျခြင်း၊ လိုင်းကြိုး များပြတ်ကျနေခြင်း ရှိ/မရှိ သတိပြုသွားလာရန်၊ လိုင်းကြိုးများ ပြတ်ကျနေပါက သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံးသို့ အမြန်ဆုံးအကြောင်းကြားရန် ၊
- ရေကန်၊ ရေအိုင်များအတွင်း လိုင်းကြိုးပြတ်ကျထိတွေ့နေပါက ရေကန်၊ ရေအိုင်အတွင်းသို့ ဆင်းသက်ခြင်းမပြုရန်၊
အိမ်သွယ်ဆားဗစ်ကြိုးမှ ဓာတ်လိုက်မှုဖြစ်ပွားခြင်း
- အိမ်သွယ်ကြိုးသည် အိမ်ခေါင်မိုး၊ အိမ်တံစက်မြိတ်၊ သွပ်မိုးအစွန်း၊ Sun Shade များနှင့် ထိတွေ့ပြီး လေတိုက်၍ ပွတ်တိုက်ရာမှ လျှပ်ကာပေါက်၍ ဝန်ထမ်းကြိုး (GI Wire) သို့ လျှပ်စီးကာ ၎င်းနှင့် ထိစပ်နေသော နေအိမ်ရှိသံပန်း၊ သံဇကာများကို ဓာတ်အားစီးဝင်ရာ မှ ကိုင်တွယ်မိခြင်း၊
- အိမ်သွယ်ကြိုးသည် သစ်ပင်/သစ်ကိုင်းများပေါ်တင်၍ ဆွဲငင်ရာမှ အိမ်သွယ်ကြိုး လျှပ်ကာ ပေါက်၍ သစ်ပင်အား ဓာတ်အားယိုစီးခြင်း၊
- အိမ်သွယ်ကြိုးပေါ်သို့ သစ်ကိုင်းကျိုးကျပြီး ဓာတ်အားယိုစီးမှု မရှိဟုထင်၍ ကိုင်တွယ်ဖယ် ရှားခြင်း၊
- ဓာတ်တိုင်နှင့်ဝေးသော နေရာများတွင် အိမ်သွယ်ကြိုးအား ရှည်လျားစွာ ဆက်၍သုံးရာ မှအိကျ၍ အဆက်နေရာမှ တိပ်ကွာပြတ်ကျပြီး ဝန်ထမ်းကြိုးသို့ ဓာတ်အားယိုစီးစဉ် ကိုင် တွယ်မိခြင်း၊
- အိမ်သုံးမီတာမရှိဘဲ နေအိမ်များသို့ အိမ်သွယ်ကြိုးများအား ဝါးလုံးအစိုများ၊ သံချောင်း များကို အသုံးပြုပြီး တိုက်ရိုက်ခိုးယူချိတ်ခြင်း၊
- အိမ်သွယ်ကြိုး လျှပ်ကာပေါက်၍ဖြစ်စေ၊ တိုင်ရှိအခြား အိမ်သွယ်ကြိုးများ Aerial Fuse မှတဆင့်ဖြစ်စေ ဝန်ထမ်းကြိုးတွင် ဓာတ်အားယိုစီးနေချိန်တွင် ဝန်ထမ်ကြိုးအား အဝတ် လှန်းကြိုးအဖြစ် အသုံးပြုခြင်း၊
အိမ်သွယ်ဆားဗစ်ကြိုးမှ ဓာတ်လိုက်မှုဖြစ်ပွားခြင်းအားကာကွယ်ပြုပြင်ရန် နည်းလမ်းများ
ဓာတ်အားဖြန့်ဖြူးသူမှ ဆောင်ရွက်ရန်
- အိမ်သွယ်ကြိုးများကို ရှည်လျားစွာ သွယ်တန်းခြင်း၊ အဆက်များဖြင့် သွယ်တန်းခြင်း မပြုရန်၊
- အိမ်သွယ်ကြိုးများကို အိမ်ခေါင်မိုးများ၊ Sun Shade များ၊ တံစက်မြိတ်များ၊ သွပ်မိုး အစွန်းများ၊ သစ်ပင်/သစ်ကိုင်းများမှ ဖြတ်၍ သွယ်တန်းခြင်းမပြုရ၊
- အိမ်သွယ်ကြိုးကို ခြံစည်းရိုးသံဇကာ၊ သံဆူးကြိုးတို့နှင့် မထိအောင် လွတ်ကင်းရာ အမြင့် မှ သွယ်တန်းရန်၊
- ဝန်ထမ်းကြိုးများတွင် ဓာတ်တိုင်မှ တစ်ပေအကွာနှင့် နေအိမ်မီတာအဝင် တစ်ပေခန့်စီခွာ ၍ ဘဲဥပုံကြွေသီးများ တပ်ဆင်အသုံးပြုရန်၊
- အိမ်သုံးဆားဗစ်ကြိုးများကို လစဉ်စစ်ဆေး၍ လိုအပ်က ပြုပြင်ရန်၊
- လျှပ်စစ်ဒဏ်ခံကြိုး (Fuse) ကို ခံနိုင်ရည်ထက် ပိုမထည့်ရန်၊ ဆားဗစ်ကြိုးအဝင်တွင် ပိုက် စွပ်သွယ်တန်းရန်၊
- အသုံးပြုဝန်အားနှင့် ကိုက်ညီသော ဆားဗစ်ဝါယာအရွယ်အစားကို ရွေးချယ်၍ Cover နှစ်ထပ်ဖြစ်သော ဝါယာကို အသုံးပြုရန်
ပြည်သူများသတိပြုရန်
- အိမ်သွယ်ကြိုးများ ပြတ်ကျနေပါက ကိုင်တွယ်ခြင်းမပြုရန် သက်ဆိုင်ရာလျှပ်စစ်ရုံးသို့ အကြောင်းကြားရန်၊
- အိမ်သွယ်ကြိုးနှင့် ပူးတွဲချည်ထားသော ဝန်ထမ်းကြိုးအား အဝတ်လှန်းကြိုးအဖြစ် မသုံးရန်၊
- ပြုတ်ကျ/ပြတ်ကျနေသော ဆားဗစ်ကြိုးများကို ကိုင်တွယ်ခြင်းမပြုရန်၊
- ကာလကြာမြင့်စွာ သွယ်တန်းထားသော ဟောင်းနွမ်းဆွေးမြေ့ ပေါက်ပြဲနေသည့် အိမ်သွယ် ကြိုးများကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနသို့ အကြောင်းကြားပြီး လဲလှယ်ရန်၊
- အိမ်သွယ်ကြိုးများ လျော့ကျ၊ ပြတ်ကျနေပါက အိမ်ခြံစည်းရိုး သံဇကာ၊ သံဆူးကြိုးတို့နှင့် ထိစပ်နေခြင်း ရှိ/မရှိ သေချာစွာ ကြည့်၍ ထိစပ်နေပါက အများအား သိစေရန် သတိပေး၍ သက်ဆိုင်ရာ လျှပ်စစ်ရုံးသို့ အမြန်ဆုံး အကြောင်းကြားရန်၊
- နီးစပ်ရာဓာတ်အားလိုင်းများမှ မိမိနေအိမ်သို့ တရားမဝင်ခိုးယူသွယ်တန်းခြင်းမပြုရန်၊
နေအိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် နေအိမ်၊ ခြံဝင်းအတွင်းယာယီသွယ်တန်းမှုများမှ ဓာတ်လိုက်မှုဖြစ်ပွားခြင်း
- ရေပန့်မော်တာများကို ပြုပြင်ရာမှ မော်တာအဝင်ကြိုး အဆက်နေရာတွင် တိပ်ပတ်မထားသဖြင့် မော်တာကိုယ်ထည်နှင့် ထိ၍ လျှပ်စီးယိုစီးခြင်း၊
- နေအိမ်သုံး လျှပ်စစ်မီးပူ၊ မီးဖို၊ ပန်ကာများ ပြုပြင်ခြင်း၊ မီးချောင်း၊ မီးလုံးများကို ကိုင်တွယ်လဲလှယ်ခြင်းများတွင် ဓာတ်အားမပိတ်ဘဲ ဆောင်ရွက်ခြင်း၊
- အဖုံးအကာမပါသော Extension Box များ၊ Socket Outlet များ၊ Plug များ၊ မီးခလုတ် များကို ပေါ့ဆစွာ ကိုင်တွယ်ခြင်း၊
- အရည်အသွေး ပြည့်မီခြင်းမရှိသော ပစ္စည်းများသုံးစွဲရာမှ လျှပ်တားခုခံမှုကျဆင်း၍ ဓာတ်အားယိုစီးနေသော ရေနွေးအိုး၊ ရေနွေးဂေါက်၊ ရေမော်တာများအား ကိုင်တွယ်ခြင်း၊
- အင်တာနာ၊ ရေဒီယို၊ TV များပြုပြင်ခြင်းနှင့် လျှပ်စစ်ဓာတ်အားသွင်းခြင်းတို့မှ ဓာတ်လိုက်မှု ဖြစ်ပွားခြင်း၊
- ခြံဝင်းအတွင်း လုံခြုံရေး၊ အလှဆင်မီးနှင့် အခြားနေရာများသို့ ယာယီသွယ်တန်းတပ်ဆင် မှုများအား ကိုယ်တိုင်သွယ်တန်းခြင်း၊
- အိမ်တွင်းလျှပ်စစ်သွယ်တန်းမှုနှင့် ပတ်သက်၍ တိုးချဲ့ခြင်း၊ နေရာရွှေ့ပြောင်းခြင်း၊ ပြန်ဖြုတ်ခြင်းများအား ကိုယ်တိုင်ဆောင်ရွက်ခြင်း၊
နေအိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် နေအိမ်အတွင်း၊ ခြံဝင်းအတွင်း ယာယီသွယ်တန်းမှုများမှ ဓာတ်လိုက်မှုဖြစ်ပွားခြင်းမှ ပြုပြင်ကာကွယ်ရန် နည်းလမ်းများ
လျှပ်စစ်သွယ်တန်းတပ်ဆင်သူမှ လိုက်နာဆောင်ရွက်ရန်
- လျှပ်စစ်ကြိုးများတပ်ဆင်ရာတွင် ကြိုးလုံးပတ်အလိုက်ပွင့်ရေကို သတ်မှတ်၍ အသုံးပြုရန် (သာမန်အားဖြင့် ပတ်လမ်းတစ်ခုတွင် မီးပွင့်ရေ (၁၀) ပွင့်ထက် မများစေရ)
- ရေချိုးခန်းစသည့်အတွင်းတွင် ကြိုးဆွဲရေလုံသော့ခလုတ်များကိုသာတပ်ဆင်ရန်၊ အကယ် ၍ ရိုးရိုးသော့ခလုတ်များ တပ်ဆင်လိုပါက ရေချိုးခန်းအပြင်ဘက်တွင် တပ်ဆင်ရန်၊
- သော့ခလုတ်များသည် သွင်ကြိုး (Phase) များတွင်သာ မီးအဖွင့်/အပိတ်အဖြစ် တပ်ဆင် အသုံးပြုရန်၊
- ယာယီဆက်သွယ်ရာတွင် အသုံးပြုသည့် ကြိုးအပျော့များကို (၂၅) ပေထက် ရှည်လျား၍ အသုံးမပြုရန်၊
- Plug Point များကို ကြမ်းပြင်၏ (၃)ပေအထက်တွင်သာ တပ်ဆင်ရန်၊
ပြည်သူများသတိပြုလိုက်နာရန်
- အရည်အသွေးကောင်းမွန်သော လျှပ်စစ်ပစ္စည်းများ အသုံးပြုရန်၊
- မီးခေါင်း၊ မီးခလုတ်၊ မီးပလပ်ပေါက်နှင့် လျှပ်စစ်ဝါယာကြိုးစသည်တို့ ကွဲအက်ပျက်စီး ခြင်း၊ ဆွေးမြေ့ပေါက်ပြဲခြင်းဖြစ်ပါက ဆက်လက်သုံးစွဲခြင်းမပြုဘဲ အမြန်ဆုံးလဲလှယ်ရန်၊
- လျှပ်စစ်ပစ္စည်းကိရိယာများအား ကျွမ်းကျင်မှုမရှိဘဲ မိမိကိုယ်တိုင် ပြုပြင်တပ်ဆင်ခြင်း မလုပ်ရန်၊
- မီးလုံး၊ မီးချောင်း၊ ပန်ကာ၊ မီးခလုတ်၊ ပလပ်ခုံများ လဲလှယ်တပ်ဆင်လိုပါက ပင်မခလုတ် (Main Switch) ကို ပိတ်၍ ဆောင်ရွက်ရန်
- လျှပ်စစ်မီးဖိုများအား အသုံးပြုစဉ် မီးပျက်သွားပါက ၎င်းမီးဖိုခလုတ်အား ပိတ်ထားရန်
- သံ၊ သတ္တုကိုယ်ထည် ပြုလုပ်ထားသော လျှပ်စစ်ပစ္စည်းများအား ကွန်ကရစ်၊ မြေပြင်၊ ရေစိုကြမ်းခင်း၊ သံ၊ သတ္တုဖြင့် ပြုလုပ်ထားသော စင်၊ ခုံတန်းတို့ပေါ်တွင် တင်၍ အသုံး မပြုရန်၊ ခြောက်သွေ့သော သစ်သားကြမ်းခင်း၊ ရော်ဘာပြားတို့အပေါ်တွင် တင်၍ အသုံး ပြုရန်
- ရေစိုနေသော လက်ဖြင့် မီးအဖွင့်/အပိတ် ခလုတ်များကို ဖွင့်/ပိတ်ခြင်းမပြုရန်၊ ပလပ်အား ဝါယာကြိုးမှ ဆွဲမနှုတ်ဘဲ ကိုယ်ထည်မှ ကိုင်၍ နှုတ်ရန်
- မိမိနေအိမ်အတွင်း ဝါယာသွယ်တန်းတပ်ဆင်ခြင်းနှင့် လျှပ်စစ်ပစ္စည်းကိရိယာများ ပြုပြင် ခြင်းအား လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်ရ လျှပ်စစ်ကျွမ်းကျင်များဖြင့် ဆောင်ရွက်ရန်၊
စက်ရုံ၊ အလုပ်ရုံများတွင် ဓာတ်လိုက်မှုဖြစ်ပွားခြင်း
- အထည်ချုပ်စက်ရုံ၊ ပီနံအိတ်ချုပ်စက်ရုံများတွင် အပ်ချုပ်စက်မော်တာသို့ ဓာတ်အားယိုစီးခြင်း၊
- Welding Machine, HandGrinder, Drill Machine စသည်တို့တွင် လျှပ်ကာ ပေါက် ပြဲခြင်း၊ လျှပ်တားခုခံမှု ကျဆင်းခြင်းတို့ကြောင့် ဓာတ်အားယိုစီးခြင်း၊ မြေစိုက်ကြိုးပြတ် တောက်ခြင်း၊
- ပလပ်စတစ်စက်ရုံ၊ ကွန်ကျူးပိုက် စက်ရုံများတွင် Heater များ ကြိုးပြတ်၍ စက်ကိုယ် ထည်နှင့် ထိမိခြင်း၊
- Panel ပုံးများ သန့်ရှင်းရေးပြုလုပ်ရာတွင် ပေါ့ဆစွာ ပြုလုပ်ခြင်း၊ Panel ပုံးများအတွင်း ပစ္စည်းများ သိမ်းဆည်းအသုံးပြုခြင်းတို့မှ ဓာတ်လိုက်မှုဖြစ်ပွားခြင်း၊
ကာကွယ်ရမည့်နည်းလမ်းများ

- ကောင်းကင်ဓာတ်အားလိုင်းပေါ် ပစ္စည်းများ ပစ်တင်ဆော့ကစားခြင်းမပြုရန်

- ကောင်းကင်ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်းရာမှ ပေါ့ဆစွာ ဆောင်ရွက်ရာ အချင်းချင်း အချိတ်အဆက်မမိဘဲ မှားယွင်းစွာလုပ်ဆောင်ခြင်းမှ ဓာတ်လိုက်မှု ဖြစ်ပွားပုံ

- ဓာတ်အားလိုင်း၊ ဓာတ်အားတိုင်များအပေါ်တွင် လုပ်ငန်းဆောင်ရွက်ချိန်၌ အကာအကွယ်ပြုကိရိယာများ စုံလင်စွာ ဝတ်ဆင်ရန်

- ကောင်းကင်ဓာတ်အားလိုင်းကြိုးများနှင့် သစ်ပင်သစ်ကိုင်းများ ထိစပ်နေပါက လျှပ်စစ်အန္တရာယ်ဖြစ်နိုင်သည်ကို သတိပြုရန်

- ကောင်းကင်ဓာတ်အားလိုင်းတိုင်များပေါ်သို့တက်၍ တက်၍ နွားပျောက်ရှာခြင်းမျိုးမပြုလုပ်ရန်

- ကောင်းကင်ဓာတ်အားလိုင်းတိုင်များပေါ်သို့တက်၍ တက်၍ နွားပျောက်ရှာခြင်းမျိုးမပြုလုပ်ရန်

- ကောင်းကင်ဓာတ်အားလိုင်းများအနီးတွင် ဆော့ကစားခြင်း၊ ဓာတ်တိုင်ပေါ်တက်ခြင်းများမှ လျှပ်စစ်အန္တရာယ်ကျရောက်နိုင်ပုံ

- ကောင်းကင်ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းဘဲ သစ်ပင်ခုတ်ခြင်းမပြုရန်

- ဓာတ်လိုက်ခံရသူအား ဓာတ်အားလိုင်းကြိုးနှင့် လွတ်ကင်းစေရန် သစ်သား၊ ဝါး၊ တုတ်များဖြင့် ဖယ်ရှားရန်

- ကောင်းကင်ဓာတ်အားလိုင်းအနီးတွင် သံချောင်း၊ သံပိုက်များ သယ်ယူပါက ဓာတ်အားလိုင်းကြိုးအနီး ရောက်သွားခြင်း၊ထိမိခြင်းမှ လျှပ်စစ်အန္တရာယ်ကျရောက် နိုင်ပါသည်။

- ဓာတ်အားလိုင်းကြိုးနှင့် နီးကပ်နေသော/ဖြတ်သွားသော သစ်ပင်သစ်ကိုင်းများပေါ်မတက်ရန်

- ခြံစည်းရိုးသံဇကာ၊ သံကြိုးများတွင် ဓာတ်အားပေးထားခြင်းမပြုရန်

- ကောင်းကင်ဓာတ်အားလိုင်းများအနီး သံပိုက် ၊ သံချောင်းများ သယ်ယူလုပ်ဆောင်ရာတွင် သတိပြုရန်

- ကောင်းကင်ဓာတ်အားလိုင်းကြိုး ပြတ်ကျနေပါက အနီးအနား သွားရောက်ခြင်း၊ ကိုင်တွယ်ခြင်းမပြုရန်

- မီးလုံး၊ မီးခေါင်းများ လဲလှယ်လျှင် ခလုတ်ပိတ်ပြီးမှ လဲလှယ်ရန်

- ပလပ်အား ဝါယာကြိုးမှ ဆွဲမနှုတ်ဘဲ ၊ ကိုယ်ထည်မှ ကိုင်၍ ဆွဲနှုတ်ရန်

- လျှပ်စစ်ထမင်းအိုး ၊ ဟင်းအိုး၊ ရေနွေးအိုးများကို ပလပ်မဖြုတ်ဘဲ ရေမဆေးရ

- စိုနေသောကြမ်းပြင်တွင် ရေစိုနေသော လက်ဖြင့် မီးလုံးဖြုတ်/တပ်ခြင်းများ မပြုလုပ်ရ

- လူသည် ရေထဲတွင် ရပ်နေပြီး ဝါယာနှစ်စအား Plug ခေါင်းမပါဘဲ Socket အတွင်း တိုက်ရိုက်တပ်ဆင်ခြင်းမျိုး လုံးဝမပြုလုပ်ရန်

- လျှပ်ကာပေါက်ပြဲသော ဝါယာများသည် အချိန်မရွေး လျှပ်စစ်အန္တရာယ်ကျရောက်နိုင်၍ မသုံးစွဲရန်

- ရေချိုးနေစဉ် ဆံပင်အခြောက်ခံစက်အသုံးပြုခြင်းမပြုလုပ်ရန်

- လုံခြုံရေးအကာအကွယ်မပါသော ပလပ်ပေါက်များကို ကလေးများ လက်လှမ်းမမီသည့်နေရာတွင် တပ်ဆင်ခြင်းမပြုရန်

- သုံးပင်ပလပ်ခေါင်းများအသုံးပြုရန်နှင့် မြေဓာတ်ချသည့် Ground Pin အားချိုး၍ အသုံးမပြုရ

- ကလေးငယ်များအား ဝါယာကြိုးများနှင့် ဆော့ကစားခြင်းမပြုစေရန်

- ကလေးငယ်များအား ဝါယာကြိုးများနှင့် ဆော့ကစားခြင်းမပြုစေရန်

- ရေစိုနေသော ခန္တာကိုယ်၊ လက်တို့ဖြင့် Plug များ တိုက်ရိုက်တပ်ဆင်ခြင်းမပြုလုပ်ရပါ

- လျှပ်ကာပေါက်နေသော ဝါယာကြိုးအနီး ကလေးငယ်ဆော့ကစားနေခြင်းမျိုး မဖြစ်စေရန် အထူးသတိပြုရန်

- မိမိအိမ်တွင်း အသုံးပြုသော လျှပ်စစ်ပစ္စည်းများနှင့်ပတ်သက်၍ ဤအချက်များ အထူးသတိပြုရန် ၊ သုံးစွဲခြင်းမပြုရန်

- ရေစိုနေသော ခန္ဓာကိုယ်၊ လက်တို့ဖြင့် လျှပ်စစ်ပစ္စည်းများတပ်ဆင်သုံးစွဲခြင်းမပြုရန်

- ချို့ယွင်းမှုကြောင့် ဓာတ်အားယိုစီးနေသော မီးပူအား ဓာတ်အားဆက်သွယ်ပြီး ကိုင်တွယ်ရာမှ လျှပ်စစ်အန္တရာယ်ကျရောက်ပုံ

- ချို့ယွင်းပျက်စီးနေသော လျှပ်စစ်အသုံးအဆောင်ပစ္စည်းများကို အသုံးမပြုရန်

- ချို့ယွင်းပျက်စီးနေသော လျှပ်စစ်အသုံးအဆောင်ပစ္စည်းများကို အသုံးမပြုရန်

- တတ်ကျွမ်းနားလည်မှုမရှိဘဲ လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်ပြုပြင်ခင်းမပြုရန်

- ဒန်၊ သတ္တုလှေကားများ သယ်ယူရာမှ ဓာတ်အားယိုစီးနေသော လျှပ်စစ်ဝါယာကြိုးနှင့်ထိ၍ လျှပ်စစ်အန္တရာယ်ကျရောက်ပုံ

- လျှပ်စစ်ပြုပြင်တပ်ဆင်ခြင်းများအား ပေါ့ဆစွာ ဆောင်ရွက်ခြင်းမပြုရန်

- Socket, Plug များ ကိုင်တွယ်ပြုပြင်ရာတွင် ဓာတ်အားဖြတ်တောက်ပြီးမှ ဆောင်ရွက်ရန်

- Extension Wire များ ရှုပ်ထွေးစွာ အသုံးပြုခြင်းမပြုရ

- Wire Heater များ ချို့ယွင်းမှုဖြစ်ပါက လျှပ်စစ်အန္တရာယ်ကျရောက်နိုင်သည်

- Drill M/C ကိုယ်ထည်တွင် ဓာတ်အားယိုစီးနေသဖြင့် ကိုင်တွယ်အသုံးပြုရာတွင် လျှပ်စစ်အန္တရာယ်ရှိပုံ

- သံလှေကား၊ သံစင်များနှင့် ဝါယာကြိုးများ ထိတွေ့နေပြီး ဝါယာတွင် လျှပ်ကာပေါက်ပြဲပါက လျှပ်စစ်အန္တရာယ်ကျရောက်နိုင်ပုံ

- လျှပ်စစ်ပစ္စည်းကိရိယာများ ကိုင်တွယ်သုံးစွဲပါက လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ရာဘာအိတ်၊ ရာဘာဖိနပ်များ ဝတ်ဆင်လုပ်ဆောင်ရန်

- လျှပ်စစ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေစဉ်တစ်လျှောက်လုံး Circuit Breaker များအား သော့ခတ်၍ ညွှန်ကြားချက်စာတမ်းချိတ်ဆွဲထားပါ

- မည်သည့်ပ္စည်းများမဆို ပြုပြင်ရာတွင် မပြုပြင်မီ ဓာတ်အားဖြတ်တောက်မှုအား သေချာစွာစစ်ဆေးဆောင်ရွက်ပါ

- လျှပ်စစ်လုပ်ငန်းဆောင်ရွက်ရာတွင် ဓာတ်အားရှိနေရာများအား ကိုင်တွယ်ခြင်းမပြုရန်

- ခွဲရုံခြံဝင်းများသို့ ဝင်ရောက်ခြင်းမပြုရန်

- ခွဲရုံများတွင် လုပ်ငန်းဆောင်ရွက်ချိန်၌ အကာအကွယ်ပြုကိရိယာများ စုံလင်စွာဝတ်ဆင်ရန်

- လျှပ်စစ်အန္တရာယ်သတိပေးအမှတ်အသားပြဆိုင်းဘုတ်များ (ဝင်ရောက်ခြင်း၊ အနီးသို့ သွားခြင်းမပြုရန် )


- လျှပ်စစ်အန္တရာယ်သတိပေးအမှတ်အသားများ

- ဤသို့ သုံးစွဲလျှင် လျှပ်စစ်အန္တရာယ်ကင်းပါသည်

- သံ ၊ သတ္တုကိုယ်ထည်ပါဝင်သော လျှပ်စစ်ပစ္စည်းကိရိယာများအား မြေစိုက်ကြိုးတပ်ဆင်အသုံးပြုရန်

- လျှပ်စစ်အန္တရာယ်ဖြစ်စေနိုင်သည့် အနေအထားများ
